ခင်ဖုန်းသက်ဝေ ဂယ်လာရီ


 " ခင်ဖုန်းသက်ဝေ ဂယ်လာရီ "


ရှင်ဘုရင်ဆိုတာ
ဆန္ဒရှိရာကို ပြောနိုင်တဲ့နေရာလို့ 
ကျွန်တော်ထင်ခဲ့တယ်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ခင်ဖုန်းသက်ဝေ
အဖိုးတန်ကြယ်လေးတစ်လုံး
ကျွန်တော်ထွန်းထားရစ်ပါတယ်

မျက်စောင်းတွေနဲ့ ပလ္လင်တော်
မပျော်ပဲ ရယ်ပြနေရတဲ့တိမ်တစ်အုပ်
ဗျိုင်းတစ်အုပ် မြူတစ်အုပ်
ဆေးပျယ်စ သင်္ဘောကြီးတွေက
မြစ်လည်မှာတရွေ့ရွေ့
ပြန်တွေ့ကြဖို့ အစီအစဉ်သည်
ရှိ၏ မရှိ၏

ဘာမှမရခဲ့ပါဘူး
ဘာမှမရခဲ့လို့သာ ကဗျာဆရာဖြစ်နေတာလေ
တခုခုရလိုက်ဖူးရင်
တခြားလူဖြစ်သွားတော့မှာပေါ့ ခင်ဖုန်းသက်ဝေရဲ့

အဲဒီလိုနဲ့ပဲ
ကိုယ့်ပန်းပွင့်ကို ရွက်လိုတိုက်
ဗေဒါပင်လေး မိုက်မိုက်မဲမဲ ထွက်ခွာသွားပါပြီ

ဓားဘယ်နှစ်စင်း 
အဲဒီလမ်းမှာခင်းထားပါသလဲ
မြစ်ကလက်မခံတော့ရင် ကမ်းမှာတင်မယ်
ဘယ်ကမ်းမှ လက်မခံတော့ရင်ရောတဲ့
တောင်ပင်လယ်ကိုမျှော်လို့
ပန်းသုံးပွင့်သာလှူပေးကွယ်

သလဲသီးတွေဝယ်ရင်းနဲ့မှ
ဗိုလ်အောင်ကျော်လမ်းက ခိုတွေ
သိပ်နွဲ့တတ်ကြတာသိတယ်
မုန်းစရာကြီးနော် ခင်ဖုန်းသက်ဝေ

ဒီအကြောင်း
ထရန့် နဲ့ မစ္စတာရှီကို မစ်စ်ကောပို့မယ်
အချစ်ထက် ဒေါ်လာဈေးတွေကျော်လာကြောင်း
မနှစ်က တမာပင်ရိပ်ကိုပဲ မဟုတ်လား
အညာသားလေးရောင်းတဲ့ ရခိုင်မုန့်တီတဲ့
ရယ်ရတယ်နော် ခင်ဖုန်းသက်ဝေ

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင်
ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ်
ကမ်းနာလမ်းကိုပြန်တာပဲ ကောင်းမှာပါ
လှိုင်းစကား လေစကားမှာ 
ကျွန်တော်လွမ်းကြောင်း ကြားပါရဲ့လား ခင်ဖုန်းသက်ဝေ

စံရိပ်ငြိမ်အဆောင် နဲ့ ' သစ္စာတည် '
အဲဒီခင်ဝမ်းသီးချင်းတွေ ဖွင့်တတ်တဲ့
လ္ဘက်ရည်ဆိုင်လေးကို
မရောက်ဖြစ်တော့တာ
ကြာပြီ

ခုနောက်ပိုင်း
စီးကရက်တံဆိပ်အသစ်တွေ သောက်ဖြစ်တယ်
ပြူတင်းခန်းဆီး အနီရင့်ရင့်လဲတယ်
'ရှောင်ပင်း'ရဲ့ I'm sam ကို ပြန်ကြည့်နေတယ်

တိမ်ဦးလေပြေမောင့်ကိုစေ သီချင်းကို
နယူးဗားရှင်းလုပ်ကြည့်တယ်
'မျှော်လင့်လင့်ချက်သံသရာမှာလေ' ဆိုတဲ့တစ်ကြောင်းမှာ
ကီးတခြမ်းတင်နေတယ်
ဇင်ယော်တွေတော့တွေ့ပါရဲ့
ကျွန်တော် မဖြူစင်ချင်တော့ဘူး ခင်ဖုန်းသက်ဝေ

မီးရောင်လေးပေါ့ အဝေးမှာ
တစ်ယောက်ယောက်ကို လောင်နေတာဖြစ်မယ်
လသာလိုက်တာလို့
တစ်ယောက်ထဲ ပြောနေရတဲ့ဒုက္ခကိုတော့
မုန်းလှတယ်

ကိုယ်နိုးလာတော့ 
သံချောင်းခေါက်သံ ဆယ့်တချက်
ကြားရတယ်
လေးနာရီကို ဘယ်သူထိုးသွားခဲ့ပါလိမ့်ကွယ်
ပြန်အိပ်လို့ မဖြစ်တော့ဘူးလေ
 MPT မက်ဆေ့ဝင်လာတယ်
ကျွန်တော်တို့နှစ်ယောက်လုံး မုန်းတာတွေက
ခုထိဖြစ်နေတာခက်တယ်

သံသရာနဲ့ ကိုယ်နဲ့
နှစ်ပေါက်တပေါက်ရိုက်ထားတာပြောပြမယ်
မပြတ်ပါရစေနဲ့ မပြတ်ပါရစေနဲ့လို့ပေါ့
ကြားရဲ့လား ခင်ဖုန်းသက်ဝေ

သနတ်ခါးပန်းလေးတခက်
ခိုင်ထူးရဲ့ ' ဝေးကွာခြင်းက တို့အတွင်းမှာ '
' ငှက်လေးတွေကို မမောင်းလိုက်နဲ့နော် ' လို့
ရွှတ်ပြခဲ့ဘူးတဲ့
မိကောက်ရဲ့ သေတမ်းစာကဗျာတပိုဒ်

ဘာမှပြန်အမ်းစရာမလိုပါဘူး
လိပ်ပြာရင်ထိုးလေး တခုတောင်ပြန်မအမ်းပါနဲ့
ဆံညှပ်လေးကတချောင်းတောင်မှ
ပြန်မအမ်းခဲ့ပါနဲ့

အနံ့စူးစူး လက်သည်းဖျက်ဆေးတပုလင်း
လော်ရယ် နုတ်ခမ်းနီအရာထင်ကျန်ရစ်တဲ့
သစ်ခွတံဆိပ် တစ်ရှူးလေးက
တရွက်
ဘာမှပြန်မအမ်းလိုက်ပါနဲ့ ခင်ဖုန်းသက်ဝေ
တန်ရာတန်ကြေးသာ ပေးချေခဲ့တာပါ

စကားထှာလေး ဝှက်ကြည့်မယ်နှော် ခင်ဖုန်းသက်ဝေ
ရေကန်အလယ်မှာ ကြာပန်းနှစ်ပွင့်
မိန်းမလှလေးက
လေးယောက် ဖြစ်နေသတဲ့
ဘယ်လိုပန်ကြမှာလဲကွယ်

ပန်းပေးပြီလား ခင်ဖုန်းသက်ဝေ
ပေးတဲ့ပန်းကိုပေါင်းလိုက်တော့
သုံးပွင့်ပြည့်သွားတာပေါ့နော
ခင်ဖုန်းသက်ဝေက ပန်းပန်စရာမှ မလိုတာကွယ်

တကယ်ဝေးကြပြီ ဆိုတော့လည်း
စပယ်မွှေးမြတွေ
ဘာဖြစ်တယ် ညာဖြစ်တယ်

ပလီစိချောက်ချက်နဲ့
နေတိုင် လတိုင် ကိုယ်မပြောတတ်ဘူးခင်ဖုန်းသက်ဝေ
ကျောခိုင်းလို့မှ ခြေဆယ်လှမ်းမပြည့်ခင်
အရင်နေရာက နည်းနည်းနာလာတယ်

ရော့နှစ်ပက်
ခင်ဖုန်းသက်ဝေ တခွက်ရောပေးပါ ညီလေး
မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေစိတ်ကောက်သလို
ဘောက်ဆပ်ဘောက်ဆပ်လေးကျော်ပေးကွာ
ခရုဆီလျှော့ဟေ့ 
ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး

မင့် ဟင်းရည်ကလည်းကွာ
ခင်ဖုန်းသက်ဝေမျက်စောင်းလို မချိုပါ့လား
နံနံပင်အုပ်ကွညီလေးရဲ့ ကြည်သွန်ဖြူလေးပါထည့်
သွားတက်လေးလေ
ဖွေးကနဲပေါ့

စီးကရက်တပွဲချ
ဘုရင်မနှပ်ဆေး နှစ်ရာဖိုး
ခင်ဖုန်းသက်ဝေများများပေါက်ပေးပါကွာ

အော် .  .   .
အရှေ့ကောင်းကင်မှာမိုးတွေညို့ပြီလား
တစ်ဆောင်းသစ်ပါတော့မယ် ခင်ဖုန်းသက်ဝေ
တက်တက်ကြွကြွငှက်လေးတွေတောင်
ခုတလော ဆောင်းခိုကြတော့မယ်

အဲဒီ့သေနတ်က ကျည်ဆံမှာ
ကျွန်တော့လိပ်စာ ပါတယ်မဟုတ်လား 

သေသပ်သေသပ်သပ်ဖိတ်စာမှာ
ပုန်းညက်ပင်ခြေရင်း
အိမ်နံပါတ်က 'ပွတ်သျှကင်' ကွယ်လွန်တဲ့ခုနှစ်
ကဗျာ နှင့် သဲသဲလှုပ်ချစ်တတ်သူများရိပ်သာ
သောကမြို့တော်
မှတ်မိပါတယ်နှော် ခင်ဖုန်းသက်ဝေ

တမြေ့မြေ့
ကျွမ်းလောင်ခြင်း မှတ်တိုင်မှာ
ဆင်းဖို့ အားလုံးကို ပြောပေးကွယ် .  .

တချက်ထဲနဲ့
သေအောင်ပစ်စေချင်ပါတယ်
ကျွန်တော်ရပ်လိုက်ပါတော့မယ်
ငှက်လေးတကောင်ဖြစ်ပါရစေလို့
ကျွန်တော်ဆုတောင်းပြီးတဲ့အခါ
အာလုံးရပ်လိုက်ပါတော့မယ်

ရက်စက် ယုယစွာ တချက်ထဲပစ်ပါ ခင်ဖုန်းသက်ဝေရေ
နတ်ပြည် ဘယ်နှစ်ထပ်မှာတွေ့တွေ့
ကျွန်တော်တို့ မမေ့ကြကြေးလေ
နော်  .    .    .

ရန်ကုန်ဆိပ်ကိုလည်း သတိရပါ
သီတာဦးကိုလည်း သတိရပါ
ကင်တင်းက မမကြီးဆိုင်ကိုလည်း
သတိရပါ

'သိမ်တော်ကြီး' နဲ့ ' ငဝန်ဆိပ်ကမ်း '
'သပြေတန်း' နဲ့ ' ယူကလစ်ပင် '
'ရွှေမြင်းတင် 'မှာ တောင်းတဲ့ဆုမှန်သမျှ .   .   .

ဂွတ်နိုက်ပါ ခင်ဖုန်းသက်ဝေ .   .   .   .
ကောင်းသောမနက်ခင်းပါဆိုတာကိုတော့
မနက်ဖြန်မနက်မှာ
မျက်နှာစိမ်း ခိုပြာလေးတကောင်
လာပြောပါလိမ့်မယ်
သူ့ကိုမောင်းမထုတ်လိုက်နဲ့နှော် ခင်ဖုန်းသက်ဝေ

ကောင်းရာမွန်ရာ ရောက်ပါစေ
ကျန်းမာပါစေ .   .   
ချမ်းမြေ့ပါစေ .   .

ကျွန်တော်တော့ ငရဲမှာ .   .  . ။         ။

သန်းတင့်

Comments

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ