ခင်ဖုန်းသက်ဝေ ဂယ်လာရီ
လွမ်းစရာရှိလို့
ကျွန်တော် မအားသေးကြောင်း
ပြောလိုက်မိပါတယ် ခင်ဖုန်းသက်ဝေ ။
မေနဲ့ သြဂုတ်မှာ အရင်လေတွေတိုက်ရင်
အရင်ပန်းတွေပဲ ပွင့်ကြဦးမှာပါ။
လိုအပ်ရင် ပန်းအသစ်တွေ လဲပေးဖို့
ဘယ်သစ်ပင်ကိုမှ
ကျွန်တော် မတောင်းဆိုချင်ပါဘူး။
အပြည့်အဝ လွမ်းခွင့်ရတာဟာလည်း
လူဖြစ်ကျိုးနပ်မှု အခက်အခဲတစ်ခုပါကွယ်။
ခင်ဖုန်းသက်ဝေ ကြားလိုက်လားတော့မသိဘူး
တချို့ဆို တိုးလျှိုပေါက်ကြီးကို
ပုန်းညက်ပန်းလေး ဖြစ်သွားကြတာလေ။
လမ်းဘေးက အချိုရည်ဘူးခွံလေးကို
ပိတ်ကန်ပစ်လိုက်မယ်။
လမ်းလျှောက်ရင်း
ကြော်ငြာဆိုင်းဘုတ်တွေ ဖတ်မယ်။
သတ္တိရှိချင်ယောင်ဆောင်ပြီး
စပယ်ယာကို ဘုကြည့်,ကြည့်မယ်။
အားလုံး လွယ်လွယ်လေးပါ။
ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာက အစ
ရှမ်းကိုးမီးဝိုင်းက ကျင့်ဝတ်ဆိုင်ရာပြဿနာတွေ အထိ
လွယ်တတ်ပါတယ်။
ဒေါသရော အတ္တရောကြီးတဲ့ကောင်တွေ
မျိုးသုဉ်းသွားဖို့ရေးအထိ
လွယ်ကောင်းလွယ်နေနိုင်ပါတယ်။
စိုးရိမ်ထိတ်လန့်နေတဲ့
အစွမ်းအစ အမျိုးမျိုးကို ပိုင်ဆိုင်ဖို့
လွယ်ပါလိမ့်မယ်။
ဆင်ခြင်တုံတရားကို ချရေးဖို့
ပို့(စ)ကတ်လေးတစ်ခု ရှာရတာ
လွယ်ပါလိမ့်မယ်။
အို...
အားလုံး လွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။
"စံပယ်ဖြူ တုံးခါမှ ခင်ဖုန်းသက်ဝေရယ်
ဘယ်စိတ်လည်လို့ ပေါ်လာပြန်တယ်"
ခက်တယ် ခင်ဖုန်းသက်ဝေရယ်
သိပ်ခက်တယ် ။
နေထွက်စမှာ တွန်နေတဲ့
ငှက်နှုတ်သီးရဲ့ အရိပ်လေး
နေ့လယ်ခင်း တိုတိုဝင်သွားသလိုပါပဲ။
ဗုဒ္ဓဟူးညဆို အိပ်မက်တွေ မကောင်းဘူး
သိပ်ခက်တယ် ။
လမ်းကြုံရင် ကိုယ့်သဘောနဲ့ကိုယ်
အရှုံးပေးလိုက်ချင်တယ်။
တောင်ကုန်းလေးတောင်မှ
မြက်တွေစိမ်းဖို့ စောင့်ရသေးတာပဲလေ။
ရေကန်မှာ ရေမရှိတော့တဲ့ ဆုံးရှုံးမှုမျိုးဆိုတာကရော
ကျွန်တော် ထိုက်ထိုက်တန်တန်
နားလည်ပါတယ် ခင်ဖုန်းသက်ဝေ ။
တဒင်္ဂ ဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီ
တရွေ့ရွေ့ကျောက်တုံးတွေရဲ့
အားကိုး ယုံကြည်မှုမျိုးနဲ့
ရှေ့တိုးလာခဲ့ရပါတယ်။
မိုးမရွာတဲ့ ဝါဆိုကို
ဘယ်လို အမည်မျိုး ပြောင်းလဲမှည့်ခေါ်ချင်ပါသလဲ။
ခင်ဖုန်းသက်ဝေ ဆန္ဒ ရှိတဲ့အတိုင်း
တခြားသူတွေပါ ခေါ်နိုင်အောင်
ကျွန်တော် မျှဝေလိုက်ပါ့မယ်။
အစီစဉ်တကျ မရှိတဲ့ ရေမျောအိမ်လေးတွေ
တိဘက်တောင်နံရံက နန်းတော်ဟောင်းတွေ
စသဖြင့် ။
ကျုံးတွေ
ဥယျာဉ် မြေနုကျွန်းနဲ့ ကမ်းနီးကမ်းဝေး
တစ်နယ်တကျေးမှ လေပြေလေညင်းတွေ
ဂုဏ်သေရရှိ အလံကိုင်တပ်ဦးနဲ့
တီးမှုတ် ချီတက်လာသူတွေ
အားလုံးကို မျှဝေလိုက်ပါ့မယ်။
ဖြေစရာ ရှိတာသာ
ခင်ဖုန်းသက်ဝေ ဖြေပါ။
ပုံပြင်မစခင် ပုံပြင်လေးထဲမှာ
ကောင်းကင် ဘာအရောင်လဲဆိုတာ မှတ်မိနေသေးရင်
ကျွန်တော့်ကို မမေ့သေးဘူးဆိုတာ
ကိုယ့်ဘာသာ ယုံကြည်လိုက်ပါ့မယ်။
ဒီနေရာက
စွန့်စားခန်းတွေ အဆုံးသတ်ရမယ့် နေရာမဟုတ်ပါဘူး။
ဆိုကောင်းရုံ သီချင်းတစ်ပုဒ်ရဲ့ ချိုးပိုဒ်နေရာကို
ကပ်ကပ် လာနေရုံမျှပါပဲ။
စွန်နီနီလေး တတ်သွားတဲ့နောက်
ကြိုးဖြူဖြူလေး ထက်ကြပ်မကွာ
ချည်လျက် နှောင်လျက် ပါသွားတာပါပဲ။
သံယောဇဉ်ရဲ့
သီးခြား လက္ခဏာရပ် တစ်ခုပါ။
ခင်ဖုန်းသက်ဝေရေ
ခွင့်လွှတ်နိုင်ရင် ကျေအေးစေချင်ပါတယ်။
ပညာရှိတွေရဲ့နိုင်ငံတော်ဦး၊
အတွေ့အကြုံနဲ့ ကံတရားကိုပဲ
အားကိုး အဖော်ပြုနေရတဲ့
သူဆင်းရဲတို့ရဲ့ သတ်ကွင်းခင်းညံ့၊
သုံးရာသီ ကျွန်တော့်အလုပ်စာရင်းမှာတော့
နုတ်မရပယ်မရ အစားထိုးမရ
ခင်ဖုန်းသက်ဝေစိတ္တဇ။
သစ်ချိုသီးလေးလို ပန်းချိုပွင့်လေးလို
အလိုမကျတာတောင် ပြန်မပြင်ရက်ဘူး
ကဲ ကြည့်စမ်း.. ။ ။
- သန်းတင့်
Comments
Post a Comment