ဂေဘယ်လ်
ဘုရားသခင် ဒုက္ခလှလှတွေ
______________________
ကိုယ်ကမ္ဘာပျက်ကိန်းတွေ အများကြီး ကြုံပြီးပြီ ပန်းကြာဝေ။
လက်ဝှေ့ပွဲတွေထဲ ကိုယ်အလဲလဲအကွဲကွဲ မှောက်ခဲ့ပြီးပြီ။
ရွက်လွှင့်သူတွေကြား သွေးရူးသွေးတန်းကဗျာတွေ ရေးခဲ့ပြီးပြီ။
ကံကြမ္မာကို အကြိမ်ကြိမ် ဒူးထောက်ခဲ့ပြီးပြီ။
မုဒ်ဟာ မြစ်ရေပဲလို့ပြောတဲ့ လူတစ်ယောက်နဲ့လည်း တွေ့ခဲ့ပြီးပြီ။
ကိုယ့်ရေခဲခေတ်ထဲ စီးနေတဲ့သွေးကြောတွေ ခဲကုန်ပြီး နာ့ဗ်ကြောတွေလည်း သေခဲ့ပြီးပြီ။
ကိုယ်သေခဲ့ပြီးပြီ ပန်းကြာဝေ။
ကိုယ်သေခဲ့ပြီးပြီ။
ကမ္ဘာ့အလေးချိန်ရဲ့ တစ်ဝက်ကို ကိုယ့်ကျောပေါ်တင်ခဲ့ပြီး ကျန်တစ်ဝက်ကို ကိုယ့်အိတ်ကပ်ထဲ ထည့်ခဲ့ပြီးပြီ။
အနွေးဓာတ်လိုပါတယ်ဆိုတဲ့ လူတွေကို ကိုယ့်အပူချိန်တွေအကုန် ပေးခဲ့ပြီးပြီ။
အရက်သမားတစ်ယောက်ရဲ့ ဝန်ခံချက်ထဲမှာ ကိုယ်ကြေကွဲခဲ့ပြီးပြီ ပန်းကြာဝေ။
ဆင်ခြင်တုံမဲ့သွားတဲ့ ငါးတစ်ကောင် စဉ်းတီတုံးပေါ် ရောက်ခဲ့ရပြီးပြီ။
ဘာတွေ ထပ်ကြုံရဦးမလဲ ပန်းကြာဝေ
ကိုယ်ဘာတွေ ထပ်ကြုံရဦးမလဲ။
တစ်ခုခု လွဲချော်နေပြီဆိုတာ ကိုယ်သိပါတယ်။
တစ်ခုခု လွဲချော်နေပါပြီ။
အဲ့ဒီ့လွဲချော်မှုတွေ ဘယ်အချိန်ကျရင် ရပ်တန့်ပြီး၊ ဘယ်အချိန်ကျရင် မှန်လာလောက်မလဲ။
စိတ်ဝမ်းကွဲခဲ့တဲ့ စစ်သည်တော်တွေကြား ဂီတာတီးရင်း အချစ်အကြောင်းပြောရတာလောက် ချိုမြိန်တာ ဘယ်အရာရှိဦးမလဲ။
မီးခိုးကြွက်လျှောက်လိုက်ခဲ့တဲ့ မီးစွဲရာတွေကို ကိုယ်ပေါ်တင်ထားရတာလောက် ဘယ်အရာက အထိနာနိုင်ဦးမလဲ။
ကမ္ဘာကျော်တီးဝိုင်းထဲက အဆိပ်ပြင်းတဲ့မြွေဆိပ်တွေကြောင့်မဟုတ်ပဲ၊ မင်းရဲ့အသံမကြားလိုက်ရလို့ အဖျားတက်ရတာလောက် ဘယ်အရာက ပိုကောင်းနိုင်ဦးမလဲ။
မီးမွှေးခဲ့ပြီး ဘယ်လိုပြန်ငြိမ်းရမလဲ သူမသိပါဘူးတဲ့။
အနာရလာတိုင်း နေရထိုင်ရသက်သာအောင် ဘယ်လိုနေရမလဲ သူမသိပါဘူးတဲ့။
ကဲ ခက်ပါရောလား။
ဘာကိုမှ မယုံတတ်တဲ့ကောင် အယုံလည်း လွယ်တတ်ပါသတဲ့။
ပန်းကြာဝေရေ ကမ္ဘာမကျော်တဲ့ ကဗျာတစ်ပုဒ် ကိုယ်ရေးလိုက်ပါတယ်။
ဂေဘယ်လ်
သြဂုတ်၁၂၊ ၂၀၂၁
Comments
Post a Comment