ဖရဲသီး ဦးထုပ် - သူဝေး


 ဖရဲသီး ဦးထုပ် - သူဝေး

=========

လူကြီးတွေ မဆောင်းဘူး

ကလေးတွေပဲ ဆောင်းတယ်

ကမ္ဘာပေါ်ရှိ ဦးထုပ် အမျိုးမျိုး အနက်

လူဆောင်းအနည်းဆုံး။


ကြက်ပေါင်ဖိနပ်ဟာ စားလို့မရဘူး

စီးလို့ပဲရတယ်

ဖရဲသီးဦးထုပ်ကတော့ စားလို့လည်းရတယ်

ဆောင်းလို့လည်းရတယ်။


ပြုလုပ်ပုံ ။ ။

အရွယ်တော် ဖရဲသီးတစ်လုံးဝယ်ပါ

အလယ်ကနေ ဓားထက်ထက်နဲ့ပိုင်းပါ

အတွင်းသား နီရဲရဲများကို ဓားဖြင့်ခြစ်စားပါ

ပြီးလျှင် အနည်းငယ် အခြောက်ခံပြီး

အသင့်ဆောင်းသုံးနိုင်ပါပြီ။


ဖရဲသီတစ်လုံးကို ဖရဲသီးဦးထုပ်နှစ်လုံးရတယ်

အေးတယ်

ကလေးကုလားမို့ ကလေးတွေပဲဆောင်းတယ်

စစ်ဦးထုပ်နဲ့တူလို့

စစ်တိုက်တမ်းကစားရင်ခန့်တယ်။


ညည့်နက်ပြီ ဖိုးခွားမအိပ်သေး

ဦးထုပ်ထိပ်မှာ ကြယ်ပုံထွင်းနေ

တန်ဖိုးနည်းစစ်ဗိုလ်ချုပ် လုပ်မလို့

ဖိုးခွားအဖေလည်း မအိပ်သေး

ရွာပြင်ဝေးဝေးကအသံတွေကိုနားစွင့်ရင်း

ပုတီးစိပ်။


နံနက်လင်းတယ်

ရွာအနောက်ဖက်မှာ ဖိုးခွားတို့

အချင်းချင်း နှစ်ဖက်ခွဲပြီး စစ်တိုက်တမ်း

ကစားကြတယ်

အောင်အောင် သေသွားတယ်

အောင်အောင် တစ်ကယ်သေသွားတာ

ဘယ်ကလွင့်လာပြီး စိုက်ဝင်သွားတာလဲ

ဖရဲသီး ဦးထုပ်ကို ဖောက်ပြီး နားထင်ထဲ

ကျည်ဆံအစစ်က ။


သူဝေး

Comments

Post a Comment

Popular posts from this blog

ဂန္ဓမာ သောင်းရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ

ခင်ဖုန်းသက်ဝေ ဂယ်လာရီ